Tuesday, October 13, 2015

ကားပါကင်ထောက်ခံချက်လျှောက်ထားမှုကို လေးပုံတစ်ပုံသာချထားပေးပြီး အောက်တိုဘာပထမအပတ်တွင် အစောင်သုံးရာကျော်သာရှိ

ကားပါကင်ထောက်ခံချက်လျှောက်ထားမှုကို လေးပုံတစ်ပုံသာချထားပေးပြီး အောက်တိုဘာပထမအပတ်တွင်လည်း အစောင်သုံးရာကျော်သာ ခွင့်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးကားပါကင်စီစစ် ထုတ်ပေးရေး အဖွဲ့မှ သိရသည်။

ကားပါကင်စီစစ်ထုတ်ပေးရေးအဖွဲ့မှလျှောက်ထားလာသော ကားပါကင်များကို ယခင်ထက်ပိုမိုတင်းကျပ်စွာ စီစစ်နေပြီး အမှန်တကယ်တင်သွင်းမည်မဟုတ်ဟု သံသယရှိပါက ပယ်ချသွားမည်ဖြစ်ကြောင်း သိရသည်။အမှန်တကယ် ကားတင်သွင်းသူများအနေဖြင့် ကားပါကင်ရှိလျက်နှင့် ပယ်ချခံခဲ့ရပါက တိုင်း ဒေသကြီးပါကင်စီစစ်ရေးအဖွဲ့သို့ အမှန်တကယ်တင်သွင်းမည်ဟု တင်ပြပြီး နောက်တစ်ကြိမ်လျှောက် ထားနိုင်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့လတွေက ခရိုင်ရုံးတွေကနေ တက်လာတဲ့ ကားပါကင် ထောက်ခံချက်အကုန်လုံးလိုလို ခွင့် ပြုပေးပါတယ်။ဒါပေမယ့် ကားပါကင်လျှောက်ထားပြီး အမှန်တကယ်တင်သွင်းလာခြင်း ရှိမရှိကို စစ်ဆေးကြည့်တဲ့အခါမှာ ကိုးဆယ်ရာခိုင်နှုန်းက သတ်မှတ်နေရာမှာမထားရှိပဲ ထောက်ခံချက်တွေကို ရောင်းစားနေတာတွေ့ရပါတယ်။ဒါကြောင့် နောက်ပိုင်းမှာ သံသယရှိတဲ့ ထောက်ခံချက်တွေကို ပယ်ချ တာဖြစ်ပါတယ်။ဒီလိုပယ်ချလိုက်တဲ့အခါမှာ အမှန်တကယ်ကားတင်သွင်းမယ့်သူက ကားထားရှိမယ့်နေရာနဲ့ ID ဖြစ်ဖြစ် လေလံဆွဲဝယ်ယူထားတဲ့ အချက်အလက်တစ်ခုပဲဖြစ်ဖြစ် ပြနိုင်မယ်ဆိုရင်တော့ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်” ဟု ကားပါကင်ထောက်ခံချက် စီစစ်ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကဆိုခဲ့သည်။


ကားပါကင်ထောက်ခံချက်များကို ချထားပေးရာတွင် အောက်တိုဘာပထမအပတ်၌ ၃၈၃စောင်ချထားပေးခဲ့ပြီး အရှေ့ပိုင်းခရိုင်အတွင်း ၂၀၁ စောင်၊အနောက်ပိုင်းခရိုင်အတွင်း ၅၇ စောင်၊တောင်ပိုင်းခရိုင်အတွင်း ၃၄ စောင်နှင့်အ နောက်ပိုင်းခရိုင်အတွင်း ၉၁ စောင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 

Credit : Automobile Journal

No comments:

Post a Comment