Tuesday, October 13, 2015

Lubrication ချောဆီစနစ်

အင်ဂျင်ပွန်းစားမှုဒဏ်ကို ကာကွယ်ပေးတဲ့
Lubrication System ချောဆီစနစ်

ကားတစ်စီးရွေ့လျားသွားလာဖို့ အင်ဂျင်ရုန်းအားနဲ့ပါဝါကိုပေးတာပါ။ အင်ဂျင်တစ်လုံးလည်ပတ်ပြီဆိုတာနဲ့ အင်ဂျင်ဘ လောက်တုံးကြီးထဲမှာပါဝင်တဲ့ စက်ပစ္စည်းအစိတ်အပိုင်းများစွာက အမြဲတမ်းထိတွေ့ပွတ်တိုက်မိကြပါတယ်။ အင်ဂျင်တစ်လုံးမှာ ပါဝင်တဲ့ အဓိကကျတဲ့ Cam Shaft ၊ Crank Shaft နဲ့ Valve Mechanism တို့ အချင်းချင်းပွတ်တိုက်မိကြပြီး ပွတ်မှုအား (Friction) ကိုဖြစ်ပေါ်စေပါတယ်။ ဒီပွတ်မှုအားကြောင့် အင်ဂျင်အစိတ်အပိုင်းမျက်နှာပြင်တွေကြားမှာ ပွန်းစားမှုတွေဖြစ်ပေါ်ပြီး အပူချိန်ကို မြင့်တက်စေသလိုပဲ စွမ်းအင်ဆုံးရှုံးမှုတွေကိုလည်းဖြစ်စေပါတယ်။
Friction ကို လျှော့ချပေးဖို့အတွက် Lubrication System (ချောဆီစနစ်)ကို အသုံးပြုရမှာပါ။ Shaft နဲ့ Bearing ကြားမှာရှိတဲ့ ချောဆီလွှာက သတ္တုချင်းပွတ်တိုက်မှုကို ကြားခံလုပ်ပေးထားပြီး Shaft က ချောဆီလွှာထဲမှာ ချောမွေ့စွာ လည်ပတ်သွားတဲ့အတွက် စက်အစိတ်အပိုင်းတွေကြားမှာ ပွတ်မှုအားကို အနည်းဆုံးဖြစ်စေပါလိမ့်မယ်။
အင်ဂျင်ဝိုင်(ချောဆီ)ကို အသုံးပြုတဲ့အတွက် အင်ဂျင်အစိတ်အပိုင်းတွေရဲ့ မျက်နှာပြင်အချင်းချင်းပွန်းစားမှုနဲ့ အပူဖြစ်ပေါ် မှုကို ကာကွယ်ပေးပါတယ်။ အင်ဂျင်အစိတ်အပိုင်းတွေကိုအေးစေပြီး piston နဲ့ Cylinder Bore ကြား Pressure လုံခြုံမှုကို အထောက်အပံ့ဖြစ်စေမှာပါ။ အင်ဂျင်ရဲ့အညစ်အကြေးတွေကို ဖယ်ထုတ်ပေးပြီး အင်ဂျင်အစိတ်အပိုင်းတွေ သံချေးတက် တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အင်ဂျင်ပေါက်ကွဲမှုအားများလို့ သက်ရောက်အားတွေကို တစ်နေရာတည်းမှာမနေစေဘဲ အဘက်ဘက်ကို ပျံ့နှံ့သွားအောင် လုပ်ဆောင်ပေးပါတယ်။ ဗားတိုင်ပင်ပြောင်းလဲနိုင်စေဖို့အတွက် အင်ဂျင်ဝိုင်ဖိအားကို အသုံးပြု နိုင်ပါသေးတယ်။
ချောဆီပို့ပေးတဲ့ နည်းလမ်းအမျိုးမျိုးရှိပြီး Toyota အင်ဂျင်တွေမှာတော့ Fully Pressurized Method ကို အသုံးများ ပါတယ်။ ဒီစနစ်မှာ Oil Pump ကို စက်နဲ့လည်ပတ်စေပြီး လှုပ်ရှားနေတဲ့ အင်ဂျင်အစိတ်အပိုင်းတွေဆီကို ပို့ဆောင်ပေးတာပါ။ အဓိကပါဝင်တဲ့ပစ္စည်းအစိတ်အပိုင်းတွေကတော့ Oil Pan (ဆီခံခွက်) ၊ ဆီတွေကို တွန်းပို့ပေးတဲ့ Oil Pump ၊ ဆီဖိအားအမြင့်ဆုံးကို ထိန်းချုပ်ပေးတဲ့ Relief Valve ၊ ဆီထဲမှာပါတဲ့ အညစ်အကြေးအမှုန်အမွှားတွေလို့စစ်ထုတ်ပေးတဲ့ Oil Filter ၊ ဆီရဲ့ဖိအားကိုညွှန်ပြပေးတဲ့ Oil Pressure Gauge (သို့) Oil Pressure Switch နဲ့ ဆီခံခွက် (Oil Pan) အတွင်းမှာရှိတဲ့ ချောဆီ Level ကိုညွှန်ပြပေးတဲ့ Oil Level Gauge တို့ဖြစ်ပါတယ်။ Oil Pump မှာ Gear Pump နဲ့ Trochoid Pump နှစ်မျိုးရှိပြီး ဂီယာပန့်အမျိုးအစားမှာလည်း အတွင်းနဲ့အပြင် ဂီယာပန့်ပုံစံနှစ်မျိုးကွဲနေပါတယ်။ Trochioid Pump က Body အတွင်းဘက်မှာ Rotor နှစ်ခုရှိပြီး Driver rotor နဲ့ Driven Rotor တို့ဖြစ်ပါတယ်။ Drive Rotor ရဲ့ ဝင်ရိုးနဲ့ Driven Rotor ရဲ့ ဝင်ရိုးတွေကိုလွှဲထားပြီး Eccentric လည်ပတ်စေပါတယ်။ ဒီစနစ်ကြောင့် Rotor တွေလည်ပတ်ချိန်မှာ ကြားလွတ်ထုထည်နေရာ တန်ဖိုးကကြီးရာက နေသေးငယ်သွားပါလိမ့်မယ်။ Rotor နှစ်ခုကြားမှာရှိတဲ့ ချောဆီတွေကို ညှစ်ပို့သလိုဖြစ်ပြီး ပတ်ရေများများ လည်တဲ့အခါမှာ ချောဆီတွေကိုဖိအားတစ်ခုနဲ့ တွန်းပို့နိုင်ပါတယ်။

Pressure Relief Valve ရဲ့ Function တွေမှာ အင်ဂျင်ရဲ့မြန်နှုန်းပေါ်မူတည်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Oil Pump ဝင်ရိုးနဲ့ အင်ဂျင်က ရိုင်းရှပ်ကို ဆက်သွယ်ထားတဲ့အတွက် Oil Pump ကတွန်းပို့တဲ့ ဆီဖိအားက လိုအပ်တာထက် သိပ်များနေမယ်ဆိုရင် ဆီစစ်ဘူးပေါက်ထွက်ခြင်း၊ ဝိုင်းဆီးများပေါက်ပြီး ဆီယိုခြင်းနဲ့ ဂတ်(စ်)ကတ်ကြားက ဆီယိုခြင်းတွေ ဖြစ်တတ်ပါတယ်။ Oil Pump ရဲ့ ဖိအားများလာခဲ့မယ်ဆိုရင် ဆီဗားအလိုအလျောက်ဖွင့်ပေးပြီး ချောဆီရဲ့ဖိအားကို ထိန်းပေး နိုင်မှာပါ။ Relief Valve မှာ စပရိန်နဲ့ ဘော်လ်စေ့ပါပြီး ဖိအားများလာမယ်ဆိုရင် စပရိန်ကိုတွန်းကန်ပြီး ဘော်လ်စေ့ဗားပွင့်သွား ပါလိမ့်မယ်။
Oil Filter (ဆီစစ်ဘူး) ရဲ့လုပ်ဆောင်ချက်တွေကတော့ အင်ဂျင်အတွင်းလည်ပတ်နေတဲ့ ချောဆီအင်ဂျင်ဝိုင်ထဲမှာရှိနေတဲ့ သံစအမှုန်အမွှား၊ ဖုန်မှုန့်၊ ကာဗွန်ချိုးတွေကို ဆီစစ်ဘူးထဲမှာရှိတဲ့ Element တွေက စစ်ပေးမှာပါ။ သန့်စင်သွားတဲ့ ချောဆီတွေက အင်ဂျင်ဘလောက်အတွင်းမှာ ဆီလိုင်းတွေကတစ်ဆင့် အင်ဂျင်အစိတ်အပိုင်းတွေဆီရောက်သွားပါတယ်။ ဆီစစ်ဘူးထဲမှာဆီပိတ် နေရင် ဆီထွက်နိုင်ဖို့ By Pass Valve ပါရှိလို့ အင်ဂျင်ဆီငတ်တာကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ အင်ဂျင်ဝိုင်အသစ်လဲတိုင်း ဆီစစ်ဘူးကို အသစ်လဲပေးရမှာဖြစ်ပါတယ်။
Lubricationg System မှာ ချောဆီတွေ လည်ပတ်နေခြင်းရှိမရှိကို Oil Pressure Warning Lamp နဲ့ သတိပေးသွားမှာ ဖြစ်ပါတယ်။ အင်ဂျင်ဝိုင် ဖိအားနည်းနေပါက မီးလင်းမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် အင်ဂျင်ဝိုင်လျော့နည်းပြီး ဆီဖိအား ကျဆင်းပါက သတိပေးမီးလင်းလာမှာဖြစ်ပါတယ်။ ကာစက်နှိုးဖို့ သော့ဖွင့်ချိန်မှာ ဒက်(ရှ်)ဘုတ်ပေါ်က အင်ဂျင်ဝိုင် မီးလင်းနေမှာ ဖြစ်ပြီး စက်နှိုးပြီးခေတ္တကြာတဲ့အခါ မီးငြိမ်းသွားပါလိမ့်မယ်။ အကြောင်းတစ်ခုခုကြောင့် အင်ဂျင်ဝိုင်တွေ ပေါက်ထွက်သွားမယ် ဆိုရင် Warning Lamp မီးလင်းလာမှာဖြစ်လို့ ယာဉ်မောင်းသူကသတိပြုမိခဲ့ရင် အင်ဂျင်စက်ပျက်စီးမှုတွေကိုစစ်ဆေးပြီး အပြစ်ကိုရှာနိုင်မှာဖြစ်ပါတယ်။
ဆလင်ဒါလောက်ထဲမှာ Oil Pressure Sender Gauge ကိုတပ်ဆင်ထားပြီး အဓိက ဆီလမ်းကြောင်းထဲမှာရှိတဲ့ ဆီဖိအားကိုတိုင်းပေးမှာပါ။ Ignition Switch ကို On လိုက်တာနဲ့ အပူပေးဝါယာကို လျှပ်စီးကြောင်းပြတ်စီးသွားလို့ Bimetal Strip ကိုပူစေပြီး ကွေးသွားစေပါတယ်။
Oil Pressure လျော့နေချိန်မှာ Sender Gauge ထဲမှာရှိတဲ့ ပွိုင့်တွေအချင်းချင်းအနည်းငယ်ထိနေပါလိမ့်မယ်။ Bimetal Strip နည်းနည်းကွေ့တက်လာချိန်မှာ ပွိုင့်တွေကွာဟသွားမှာပါ။ ဒါကြောင့် လျှပ်စစ်ဓါတ်ကို အနည်းငယ်သာစီးဆင်းစေမှာ ဖြစ်ပါတယ်။ Receive Gauge ထဲမှာရှိတဲ့ Bimetal Strip က အနည်းငယ်ပဲကွေးမှာဖြစ်ပြီး ညွှန်ပြတံကို လက်ယာဘက်သို့ တိမ်းညွတ်စေမှုနည်းသွားမှာပါ။
Oil Pressure မြင့်တက်နေမယ်ဆိုရင်တော့ ဆီဖိအားက Diaphragm ကိုအားပြင်းပြင်းနဲ့ တွန်းပေးတဲ့အတွက် ပွိုင့်နှစ်ခု က ပိုပြီးထိကပ်နေမှာဖြစ်ပါတယ်။ လျှပ်စီးကြောင်းဖြတ်သန်းချိန်မှာ အားကောင်းလာတဲ့အတွက် Receiver Gauge မှာရှိတဲ့ Bimetal Strip က ပိုမိုကွေးညွတ်သွားပြီး ညွှန်တံကို လက်ယာဘက်သို့ ရွေ့လျားစေပါတယ်။
ကားအင်ဂျင်တချို့မှာ Oil Cooler ပါရှိပါတယ်။ ရေတိုင်ကီလိုပဲအင်ဂျင် ရဲ့အပူချိန်ကို လျှော့ချပေးသွားမှာဖြစ်ပါတယ်။ Oil Cooler မှာ ရေနဲ့အအေးခံခြင်း၊ လေနဲ့အအေးခံခြင်းစနစ်နှစ်မျိုးနဲ့ လုပ်ဆောင်နိုင်ပါတယ်။
Oil Cooler တွေမှာ ဆီချေး၊ ဆီချိုးတွေများလာရင် ဆီလိုင်းတစ်လျှောက်ဆီပိတ်ဆို့မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် မကြာခဏဆေးပေးဖို့ လိုအပ်ပါတယ်။
ချောဆီစနစ်ဟာ အင်ဂျင်တစ်ခုလုံးရဲ့ အဓိကကျတဲ့ မဏ္ဍိုင်ကြီးအဖြစ်လုပ်ဆောင်ပေးနေတာမို့ အထူးဂရုပြုလုပ်ဆောင် ပေးသင့်တဲ့ အချက်တွေရှိနေပါတယ်။
သတိထားသင့်တဲ့ အချက်တွေကတော့
– အချိန်မှန်အင်ဂျင်ဝိုင်လဲပေးခြင်း။
– အမျိုးအစားမှန်ကန်တဲ့ အင်ဂျင်ဝိုင်ကို အသုံးပြုခြင်း။
– ဆီစစ်ဘူးများကို မှန်မှန်လဲပေးခြင်း။
– စက်မနှိုးမီအင်ဂျင်ဝိုင်ကို တိုင်းတာခြင်း။
– အင်ဂျင်ဝိုင်ယိုစိမ့်မှု၊ လျော့နည်းမှုရှိ၊ မရှိကို နေ့စဉ်စစ်ဆေးခြင်းတို့ပဲဖြစ်ပါတယ်။
ဒီဇယ်ကားတွေမှာဆိုရင် ဘရိတ်ဆာဗိုယူနစ်အတွက် Vaccum Pump ကို အသုံးပြုရပါတယ်။ အင်ဂျင်ဝိုင်ပိုက်လိုင်းကို Vaccum Pump နဲ့ ဆက် သွယ်အသုံးပြုရတဲ့အတွက် အဲ့ဒီပိုက်လိုင်းတွေကနေ အင်ဂျင်ဝိုင်ယိုစိမ့်တတ်တာကို သတိပြုရမှာပါ။ VVT-I အင်ဂျင်တွေမှာ ဗားတိုင်ပင်ပြောင်းလဲဖို့ အင်ဂျင်ဝိုင်ဖိအားနဲ့ လုပ်ဆောင်စေပါတယ်။ အင်ဂျင်ဝိုင်ဖိအားမှန်ကန်စေဖို့ ကျွမ်းကျင်တဲ့ ကားပြုပြင်ရေးဌာနတွေမှာ ပြသစစ်ဆေးသင့်ပါတယ်။ ပြည့်စုံမှန်ကန်တဲ့ ချောဆီစနစ်ဖြစ်မှသာ သင့်ကားရဲ့ အင်ဂျင် ပါဝင်စွမ်းဆောင်ရည်မြင့်မားလာမှာဖြစ်ပါတယ်။
Auto Car
Buyers Guide

No comments:

Post a Comment